skip to Main Content

ဂုဏ်ပြုပွဲနှင့် နှုတ်ဆက်ပွဲအခမ်းအနားပြုလုပ်ကျင်းပခြင်း

မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ အနားယူတော့မည့် ဦးခွန်အောင်သန်းဌေး (ပုသိမ်စီမံကိန်းရုံး ညှိနှိုင်းရေးမှူး) ၏
ဂုဏ်ပြုပွဲနှင့် နှုတ်ဆက်ပွဲအခမ်းအနားကို  ပုသိမ်မြို့နယ်၊ ဆင်ခေါင်းကျေးရွာ၊ ဆင်ခေါင်းသင်တန်းရိပ်သာတွင် ၂၀၁၈
ခုနှစ် ဇူလိုင်လ၊ ၃၀ ရက်နေ့က ပြုလုပ်ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားသို့ ပုသိမ်ညှိနှိုင်းရေးရုံးမှ ဝန်ထမ်းများနှင့် အခြား
ဖိတ်ကြားထားသော မိတ်ဖက် အဖွဲ့အစည်းများမှ လုပ်ဖော်ဆောင်ဖက်များနှင့် ရပ်ကျေးလူထုများ တက်ရောက်ဂုဏ်ပြုခဲ့ကြသည်။

ဦးခွန်အောင်သန်းဌေးမှ အားပေးစကားနှင့် နှုတ်ခွန်းဆက်စကားပြောဆိုခဲ့ပြီး စီမံကိန်းညှိနှိုင်းရေးရုံး စီမံခန့်ခွဲရေးအဖွဲ့ဝင်များ
ထံသို့ အဖွဲ့အစည်းဆိုင်ရာနှင့် လုပ်ငန်းဆိုင်ရာအချက် အလက်များ လွှဲပြောင်း ပေးအပ် ခဲ့ပါသည်။

တောင်ကြီးမြို့ ဇာတိသား ပအိုဝ်းအမျိုးသားဖြစ်သူ ဦးခွန်အောင်သန်းဌေးသည် မေတ္တာ၏ စေတနာ့ ဝန်ထမ်းအဖြစ်
ဆူနာမီရေဘေးသင့်ပြည်သူများအား ဝိုင်းဝန်းကူညီရန် ဧရာဝတီတိုင်းသို့ ၂၀ဝ၅ ခုနှစ် ဇန်နဝါရီ တွင်ရောက်ရှိခဲ့သူ
တစ်ဦးဖြစ်ပါသည်။ ယင်းအချိန်မှစကာ သူသည်ဧရာဝတီ တိုင်းအတွင်း လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ
အကူအညီများပေးခြင်းနှင့်  လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများကို  အင်တိုက်အားတိုက် ၁၄နှစ်တာ တာဝန်ထမ်းဆောင်ခဲ့
ပါသည်။ ဆူနာမီဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေး၊ ၂၀ဝ၆ မာလာမုန်တိုင်း ကယ်ဆယ်ရေးနှင့် ပြန်လည်
ထူထောင်ရေး၊ ၂၀ဝ၈ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံဖြိုးရေး၊ ဒီရေတော ထိန်းသိမ်း
ထူထောင်ရေးအပါအဝင် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများကို စိတ်ရင်းစေတနာထက်သန်စွာဖြင့်  ကူညီလုပ်ဆောင်ပေးခဲ့
သူတစ်ဦးဖြစ်ပါသည်။

ဦးခွန်အောင်သန်းဌေးသည် လွန်ခဲ့သော ၁၄ နှစ်ကာလမှာ တာဝန်အမျိုးမျိုးထမ်းဆောင်ခဲ့ပြီး မေတ္တာ ဖွံ့ဖြိုးရေး
ဖောင်ဒေးရှင်း၏အကြီးတန်းစီမံခန့်ခွဲရေးအဖွဲ့ဝင် တစ်ဦးလည်းဖြစ်ပါသည်။

ဦးခွန်အောင်သန်းဌေးသည် တောင်ပေါ်သားတစ်ဦးဖြစ်သော်လည်း မိမိ၏ဘဝကို ဧရာဝတီဒေသ၏ လူမှု ဖွံ့ဖြိုးရေး
လုပ်ငန်းများတွင် နစ်မြှုပ်ရန်ဆုံးဖြတ်ပြီး ဧရာဝတီတိုင်း၊ မြောင်းမြသူနှင့် ဖူးစာဖက် အိမ်ထောင်ပြုခဲ့ပြီး၊ မြောင်းမြမြို့တွင်
အခြေချနေထိုင်ရန် ဆုံးဖြတ်ပြင်ဆင်ထားခဲ့ပါသည်။ သို့သော်ပါလည်း မိဘလက်ရင်း လုပ်ငန်းဖြစ်သော ပအိုဝ်းစာပေ
ပုံနှိပ်ထုတ်ဝေရေးနှင့် ပုံနှိပ်တိုက်လုပ်ငန်းအား ပြန်လည်ဦးစီး စီမံရန်နှင့် မိသားစု အရေးအရာများကြောင့် သူ၏ချစ်လှစွာသော
ဧရာဝတီမြစ်ဝကျွန်း ပေါ်ဒေသ၊ ဘဝပေး အကောင်အထည်ဖော်ခဲ့သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းခွင်နှင့် လုပ်ဖော်ဆောင်ဖက်
ဝန်ထမ်း ညီအကို မောင်နှမများကို ချန်ထားရစ်ကာ ဇာတိမြေသို့ပြန်ရန် အကြောင်းဖန်လာ ခဲ့ပါသည်။

ဒေသခံများ နှင့် ဝန်ထမ်းများက၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှစတင်ကာ ဇာတိမြေ ရှမ်းပြည် နယ်တောင်ပိုင်း၊
တောင်ကြီးမြို့သို့ ပြန်လည်ထွက်ခွာတော့မည့် ဦးခွန်အောင်သန်းဌေးအား အမှတ်တရ စကားများ ပြောကြားခဲ့ကြပြီး
နှုတ်ဆက်လက်ဆောင်များပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ နှုတ်ဆက် ညနေစာဖြင့် တည်ခင်းဧည့်ခံခဲ့ခြင်း၊ ဂုဏ်ပြု
နှုတ်ဆက်တေးသီချင်းများ သီဆိုခြင်းများ ပြုလုပ်ခဲ့ပြီး ညနေ ၇း၃၀ အချိန်တွင် အခမ်းအနား အစီအစဉ်ပြီးဆုံးခဲ့သည်။

မေတ္တာမိသားစုလုပ်ဖော်ဆောင်ဖက်များမှ ဦးခွန်အောင်သန်းဌေး၏ ကြိုးစားအားထုတ်မှုများကို ဂုဏ်ပြု မှတ်တမ်းတင်အပ်
ပါကြောင်းနှင့် နောင်နှစ်များစွာကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်း မေတ္တာပို့သအပ်ပါသည်။

 

 

 

Back To Top